Monday 31 January 2011

သြကာသ ဘုရားရှိခိုး အမျိုးမျိုး

သြကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ သြကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ သြကာသ ဘုရားရှိခိုး ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတတ်သည်။

သြကာသ ဘုရားရှိခိုး ၁

သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။


သြကာသ ဘုရားရှိခိုး ၂

သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

မဟာစည်ဆရာတော်ကြီး၏ သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ, ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

မိုးကုတ်ဆရာတော်၏ သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

အများသုံး သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး ၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘဝဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

Ko Thurein ၏စုစည်းထားမှုများ © 2010 စတင်မှတ်သားစုစည်းသည် | Powered by:Blogger

Designed By:Windroidclub ဖန်တီးသူ:Ko Thurein